Blogger Template by Blogcrowds

A Journalist is not born, but made.

စာနယ်ဇင်းပညာသင်တန်း


ဂျာနယ်လစ် တစ်ယောက် ဖြစ်ရန် မွေး ကတည်းက အလိုလို တတ်မြောက် လာခြင်း မဟုတ်၊ သင်ကြား လေ့ကျင့် ယူရ ပါသည်။

ယခု အခါ ဂျာနယ်၊ မဂ္ဂဇင်း အသစ်များ ပေါများ လာခြင်း၊ ပုဂ္ဂလိက သတင်း ဂျာနယ် များကို စိတ် ၀င်စား လာခြင်း တို့ကြောင့် စာနယ်ဇင်း လောကကြီး ဖွံ့ဖြိုး လာမည် ဟု ထင်ရ သော်လည်း အဓိက ကျသည့် လူ့စွမ်းအား အရင်း အမြစ် ဖြစ်သော ဂျာနယ်လစ်က ရှားပါး လျက်ရှိသည်။ ­တက္ကသိုလ်၊ ကောလိပ် တွင် သတင်းစာ ဒီပလိုမာ သင်တန်း မရှိ။ ပြင်ပ အဖွဲ့ အစည်း များက ပေးသော သင်တန်း လည်းမရှိ။ ဂျာနယ် တိုက်ကြီး တချို့ တွင်မူ မိမိတို့ လိုအပ် နေသော ဂျာနယ်လစ် အရေ အတွက် ရရှိရန် ပြင်ပ စာနယ်ဇင်း ဆရာကြီး များကို ဖိတ်ခေါ် သင်ကြားခြင်း ရှိသည်။ ထို့ကြောင့် စာရေး စာဖတ် ၀ါသနာ ကြီးသူ ထဲမှ စာနယ်ဇင်း ဆရာ ဖြစ်ချင်သူ များများ မြန်မြန် ထွက်ပေါ် စေရန် The Journalism School of Myanmar ဟူသော သင်တန်း ကျောင်းကို ဖွင့် ဖြစ်သည်။ ကျွန်တော် သိ ထားသော၊ ဖတ် ထားသော၊ ကြား ထားသော စာနယ်ဇင်း ဗဟုသုတ များကို လက်ဆင့်ကမ်း ပေးပါမည်။

သင်ယူမှု Learning အပိုင်း တွင် သိမှု (Knowing)၊ လုပ် ကြည့်မှု (Doing) နှင့် အသုံး ချမှု (Using) ဟု သုံးပိုင်း ရှိသည်။ သိမှု အတွက် လိုအပ် သော စာနယ်ဇင်း ဗဟုသုတ များကို ကျွန်တော် ပြော ပြီးလျှင် သင်တန်းသား များက လုပ်ကြည့် ရမည်။ ပြီးလျှင် အသုံးချကြ ရမည်။ ကျွန်တော်က တစ်ပိုင်း တာဝန် ယူပြီး သင်တန်းသား များက နှစ်ပိုင်း တာဝန် ယူမှသာ တတ်မြောက် ပါမည်။

သင်တန်း တက်သူ များတွင် ရည်ရွယ်ချက် အမျိုးမျိုး ရှိကြ ပါလိမ့်မည်။ တချို့က စာနယ်ဇင်း ပညာကို လေ့လာ ချင်လို့၊ တချို့က ဂျာနယ်လစ် ဖြစ်ချင်လို့၊ တချို့က သင်တန်းတွေ တစ်ခု ပြီး တစ်ခု တက်ချင်လို့၊ တချို့က သူငယ်ချင်းက ခေါ်လို့ ( အဖော် ကောင်းလို့ ) ၊ တချို့က မိဘ အုပ်ထိန်း သူက အတက် ခိုင်းလို့ စသော အကြောင်း အမျိုးမျိုးဖြင့် ရောက်လာ ကြသည်။ မည်သို့ ဖြစ်စေ အချိန်ကုန်၊ ငွေကုန် ခံပြီး သင်ယူ ရမည် ဖြစ်သဖြင့် အကျိုး ရှိအောင် ကြိုးစား စေချင်သည်။ တချို့ ကလည်း စာနယ်ဇင်း များတွင် သတင်း ဆောင်းပါး ရေးဖို့ မဟုတ်ဘဲ မိမိတို့ လုပ်ငန်း၊ ကုမ္ပဏီတွင် ရုံးစာ ရေးရန် နှင့် အစီရင်ခံစာ များ ရေး နိုင်ရန်၊ တက္ကသိုလ် ကျောင်းသား တချို့ ကလည်း ဘွဲ့ အတွက် စာတမ်း ရေးရန် လာတက် ကြသည်ကို တွေ့ ရသည်။

ကျွန်တော် သင်ကြားမည့် စာနယ်ဇင်း ပညာတွင် သတင်း နှင့် သတင်းဆောင်းပါး ကဏ္ဍကို အဓိက ထားသည်။ ၀တ္ထု၊ ကဗျာ စသော ရသစာပေ ကဏ္ဍ ပါမည် မဟုတ်ပေ။ သတင်း ရေးခြင်းနှင့် ရသ စာပေ ရေးခြင်းသည် ရည်ရွယ်ချက် မတူ။ သို့သော် သတင်း ရေးရေး၊ ရသစာပေ ရေးရေး၊ မှတ်တမ်း ရေးရေး ဖတ်သူ နားလည် သဘောပေါက် စေရန်၊ ခံစား သိရှိ စေရန် ရေးသား နိုင်ဖို့ လိုသည်။ မြန်မာစာ အရေး အသား မှန်ကန် ကောင်းမွန် စေရန် မြန်မာ သဒ္ဒါကို နားလည် လိုက်နာ ရပါမည်။ ထို့ကြောင့် သတင်း ရှာနည်း၊ သတင်း လိုက်နည်း စသည် တို့ကို သာမက လွယ်ကူ ရှင်းလင်း မှန်ကန်စွာ ရေးနိုင်ရန် မြန်မာ သဒ္ဒါ ကိုလည်း သင်ကြား ပေးသည်။

စာနယ်ဇင်း ပညာ သင်တန်း တက်မှ စာရေး တတ်မှာလား ဟု မေးစရာ ရှိသည်။ မဟုတ်ပါ။ စာရေးရန် ၀ါသနာ ပါပြီး အထပ်ထပ် ရေးသား ကြခြင်းဖြင့် လည်းကောင်း၊ စာနယ်ဇင်း အတတ် ပညာ စာအုပ်များ၊ စာပေ ဆောင်းပါးများ ဖတ်ရှု လေ့လာ နည်းနာ ယူခြင်းဖြင့် လည်းကောင်း၊ ဂျာနယ်လစ် ဖြစ်လာသူ အများအပြား ရှိသည်။ သို့သော် စာ မဖတ်ဘဲ၊ စာနယ်ဇင်း အသိပညာ နှင့် ဗဟုသုတကို မလေ့လာ ကြဘဲ မျက်ကန်း တစ္ဆေ မကြောက် ရေးသားခြင်း မပြုပါနှင့်။

သင်တန်းတွင် စာတွေ့ နှင့် လက်တွေ့ကို ပူးတွဲ ပေးပါမည်။ “ စာတွေ့ ပိုင်မှ လက်တွေ့ နိုင်သည် ” ဟူသော စကားလည်း ရှိသည်။ ကျွန်တော် သိထားသော ဗဟုသုတကို စာတွေ့ အဖြစ် လက် ဆင့်ကမ်း ပေးလျှင် သင်တန်းသား များက လက်တွေ့ ရေးကြည့်။ ပြီးလျှင် မိမိတို့ လုပ်ငန်းခွင် နယ်ပယ်မှာ လက်တွေ့ အသုံးချ ကြည့်။

0 comments:

Newer Post Older Post Home